မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အသည်းအစားထိုးခွဲစိတ်မှု အောင်မြင်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အသက် ၅ နှစ်အရွယ် ယောကျားလေးတစ်ဦးကို အသည်းအစားထိုး ခွဲစိတ်ကုသမှု ပြုလုပ်ရာ အောင်မြင်ခဲ့ကြောင်း ရန်ကုန်ကလေးဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေး ကပြောသည်။ မေလ ၃ ရက်နေ့မွန်းလွဲပိုင်း က ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ရန်ကုန်ကလေးဆေးရုံကြီးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးက ပြောခဲ့ခြင်းဖြစ်သည်။

 ကျွန်မတို့ပထမဆုံးအကြိမ်အသည်းအစားထိုးတာ ၂၀၁ရခုနှစ်မတ်လက ဒီက ကလေးမောင်ဥက္ကာကျော် ကို ဂျပန်နိုင်ငံကိုခေါ်သွားပြီးတော့ ဂျပန်နိုင်ငံမှရှိတဲ့ Kyushu University hospital က အသည်းအစားထိုးတဲ့အဖွဲ့နဲ့ မြန်မာနိုင်ငံက အသည်းအစားထိုးတဲ့အဖွဲ့တို့ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီကလေးက လည်းအောင်မြင်ပြီးတော့ ပြန်လည်ရောက်ရှိလာပါတယ်။ မြန်မာနိုင်ငံမှာအသည်း အစားထိုးခြင်းလုပ်ငန်းကို ပြန်ပြီးတော့ ဆောင်ရွက်နိုင်အောင် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်” ဟု ရန်ကုန်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေး ကပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြင့် အသည်းအစားထိုးခွဲစိတ်ကုသမှုအောင်မြင့်ခဲ့သည့် အသက် ၅ နှစ်အရွယ် မောင်ညီညီမင်းဦးသည် မွေးရာပါ သည်းခြေပြွန်မပါ သဖြင့် အသဲကျွတ် ဝေဒနာခံစားရခြင်း၊ သွေးဝမ်းသွားခြင်း ၊ သွေးအန်ခြင်း စသည့်ရောဂါ လက္ခဏာပြသပြီး ၄င်းကို ကုသရန်အတွက် ကုသရေးဦးစီးဌာန ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့ကို ရန်ကုန်ကလေးဆေးရုံးကြီးက တင်ပြခဲ့ခြင်း ဖြစ်သည်။

သူကိုခွဲစိတ်ပေးတဲ့ ဆရာဝန်မကြီးတွေ ကိုယ်တိုင်က ကျွန်မ ကို လာပြီးပြောတာပေါ့။ ကလေးက အောင်မြင် သွားပြီပေါ့ ၊ ကလေးရောလူကြီးရောအောင်မြင်ပါတယ်။ အဲအချိန်မှ ကိုယ့်က မျက်ရည်ကျအောင် ဝမ်းသာ မိပါတယ် ” ဟုမောင်ညီညီမင်းဦး၏ အမေ ဖြစ်သူ ဒေါ်စောမြတ်မွန် က ဆိုသည်။

အသည်းဆုံးခန်းတိုင် ပျက်စီးနေသော ကလေးငယ်များ ပုံမှန်ဘဝနီးပါးသို့ ပြန်လည်ရောက်ရှိစေရန်၊ ကလေး အသည်းအစားထိုးမှုကဏ္ဍ ပီပြင်စွာဖြစ်ပေါ်လာစေရန်နှင့် နောင်တွင်လည်းပြည်တွင်း ဆရာဝန်များက ပုံမှန်ခွဲစိတ်ကုသမှုအနေဖြင့် ဆောင်ရွက်သွားနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်သည်။

အခုလို အခြေအနေမျိုးရောက်အောင်လုပ်ပေးတဲ့ ဆရာ၊ဆရာမတွေနဲ့ ကူညီပေးတဲ့သူအကုန်လုံကို ကျေးဇူးတင်ပါတယ် ။ ကျွန်တော်အခြေအနေနဲ့ဆို ဒီလို မလုပ်နိုင်ပါဘူး”ဟု လူနာ၏ဖခင်ဖြစ်သူ ဦးစောမင်းမင်းကပြောသည်။

၎င်းကလေးငယ်မှာ မွေးရာပါ သည်းခြေပြွန်မပါသဖြင့် အသည်းကျွတ်ဝေဒနာခံစာရခြင်းကြောင့် အသည်းအစားထိုး ကုသပေးခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယခုအသည်းအစားထိုး ခွဲစိတ်မှုအတွက် ၁၂နာရီကျော် အချိန်ယူခဲ့ရသည်ဟု တာဝန်ရှိသူများကဆိုသည်။

အသည်းအစားထိုးကုသရာတွင် ကုန်ကျသော ဆေးဝါးစရိတ်မှာ ကျပ်သိန်း ၃၀ဝကျော်ရှိခဲ့ပြီး ယင်းကို နိုင်ငံတော်ရံပုံငွေနှင့် ပြည်သူလူထုထည့်ဝင် အလှူငွေဖြင့် ဆောင်ရွက်ခဲ့သည်။

လက်ရှိတွင်အသည်းအစားထိုးခွဲစိတ်မှုခံခဲ့သည့် မောင်ညီညီမင်းဦးမှာ ဆေးရုံမှဆင်းခွင့်ရသည်အထိ ကျန်းမာနေပြီဖြစ်သဖြင့် ယနေ့ဆေးရုံဆင်းခွင့်ပြုထားကြောင်း ဆေးရုံကြီးမှ တာဝန်ရှိသူများက အတည်ပြုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons