ထန်ပါးဟာ မြန်မာတစ်နိုင်ငံလုံးက အားပေးတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ထန်ပါးရဲ့ဖက်ရှင်ကင်း၊ ကော်ဖီတူတူသောက်ကြရအောင်၊ စူပါမန်းသီချင်းတွေဟာဆိုရင် ပရိသတ်တွေပါးစပ်ဖျားမှာရေပန်းစားနေပြီး အောင်မြင်ကျော်ကြားနေတယ်ဆိုရင်လည်းမမှားပါဘူး။ အနုပညာမှာဝါသနာထုံပြီး သီချင်းတွေကို လှိုင်းလုံးတွေလိုအလုံးအရင်းနဲ့ခဏခဏထုတ်တတ်တဲ့ ထန်ပါးက အခုလည်း မြန်မာတစ်မျိုးသားလုံးအတွက်သီချင်းအသစ်တစ်ပုဒ်စပ်ဆိုလိုက်ပြန်ပါပြီ။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် သီချင်းတစ်ပုဒ်စပ်ဆိုလိုက်တာပဲဖြစ်ပါတယ်။

သီချင်းနာမည်ကတော့ “ကမ္ဘာက လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်”လို့အမည်ရပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက်ထန်ပါးက သီချင်းကို အနှစ်သာရရှိတဲ့စကားလုံးတွေနဲ့ဖွဲ့ဆိုထားသလို သီချင်းထဲမှာ “ပြည်သူအချစ် ဒေါ်အောင်ဆန်းစုကြည်.. ကမ္ဘာလူသားများအားလုံးအချစ်ဆုံးပါ။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်.. ဘယ်တော့မှမမေ့နိုင်ပါဘူး”လို့ ချိုမြိန်တဲ့စာသားလေးတွေပါဝင်ပါတယ်။ ထန်ပါးက သီချင်းထဲမှာ “ကမ္ဘာက လေးစားရတဲ့ အောင်ဆန်းစုကြည် ဆက်လက်ပြီးကျန်းမာပါစေ အသက်ရှည်ပါစေ”လို့ဆုမွန်ကောင်းလည်းတောင်းထားပါသေးတယ်။

ထန်ပါးက သီချင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက်သူ့ရဲ့လေးစားမြတ်နိုးမှုကို “ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပြည်သူပြည်သားများအားလုံးလေးစားတယ်။ ပြည်သူပြည်သားများအားလုံး အချစ်ဆုံးပါ”လို့လည်းဖွဲ့ဆိုထားသလိုဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေကိုလည်း “ပြည်သူချစ် ဒေါ်အောင်ဆန်းစုကြည်။ ကိုယ်ကျိုးစွန့်အနစ်နာခံတာတိုင်းပြည်အတွက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုဘုရားသခင်ကောင်းချီးပေးပါစေ”လို့လည်း စိတ်ရင်းစေတနာတွေအပြည့်ပါဝင်တဲ့စကားလုံးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကိုပေါ်လွင်အောင် ထည့်သွင်းရေးဖွဲ့ထားပါသေးတယ်။ ရေး၊ဆို၊ဟာမိုနီ ကတော့ ထုံးစံအတိုင်း အရမ်းတော်ပြီးအရည်အချင်းရှိတဲ့ထန်ပါးက သူတစ်ဦးတည်းဖန်တီးသီဆိုထားတာဖြစ်ပါတယ်။

ထန်ပါးက ဒေါ်အောင်ဆန်းစုကြည်အတွက်သီချင်းကိုမကြာသေးမီကပဲ သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာတင်ထားခဲ့ပြီး တင်တင်ချင်းပဲ ကြည့်ရှု့သူနှုန်းမြင့်တက်ခဲ့တာတွေ့ရပါတယ်။ ထန်ပါးဟာ ကမ္ဘာ့နိုင်ငံကြီးတွေအထိထိုးဖောက်ပြီးသွားရောက်ဖျော်ဖြေနေသူတစ်ဦးဖြစ်သလို လောလောဆယ်မှာလည်း သီချင်းအသစ်တွေအများကြီးထွက်နိုင်အောင် အခါမလပ်ကြိုးစားနေတယ်လို့သိရပါတယ်။ ပရိသတ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်သီချင်းနားထောင်ပြီး နှစ်ထောင်းအားရဖြစ်နေကြသလို ထန်ပါးကို အားပေးနေသူတွေလည်းတဖြည်းဖြည်းများပြားလျက်ရှိနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here