မက်ဆီရဲ့ မျက်နှာမှာ သွေးအလိမ်းလိမ်း ဖြစ်တဲ့အထိ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့တဲ့ စမောလင်း

ယမန်နေ့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘာစီလိုနာအသင်းက လုခ်ရှောရဲ့ တစ်လုံးတည်းသော own goal နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်နောက်ခံလူ စမောလင်းဟာ ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကို ဟန့်တားဖျက်ထုတ်ခဲ့ရာမှာ ကြမ်းတမ်းခဲ့ပြီး မက်ဆီရဲ့ မျက်နှာမှာ သွေးအလိမ်းလိမ်း ဖြစ်ခဲ့ရပါတယ်။


ယူနိုက်တက်နောက်ခံလူ စမောလင်းဟာ ပွဲမစခင်ကတည်းက မက်ဆီရဲ့ အားနည်းချက်ကို သူတစ်ဦးတည်းသာ သိပါတယ်လို့ ဝန်ခံထားခဲ့သလို ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာလည်း ” ဒီရာသီမှာ ကျွန်တော်တို့ဟာ ရော်နယ်လ်ဒို ၊ အမ်ဘက်ပီတို့လို အကောင်းဆုံး ဆိုတဲ့ တိုက်စစ်မှူး တွေနဲ့ ရင်ဆိုင်ခဲ့ပြီးပါပြီ။ အဲ့လိုစိန်ခေါ်မှုမျိုးကို သဘောကျပြီး အခုမက်ဆီနဲ့ ရင်ဆိုင်ရမယ့် အပေါ်မှာလည်း နှစ်သက်ပါတယ်။ ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန်ပထမပိုင်းအတွင်း ဘာစီလိုနာနောက်ခံလူရဲ့ ကန်တင်ပေးပို့မှုကို ကွင်းလယ်မှာ မက်ဆီနဲ့ စမောလင်းနဲ့ အပြိုင် ယှဉ်လုခဲ့ကြပါတယ်။ အဲ့လိုလုခဲ့ရာမှာ ကာယပိုင်း ပိုမိုအားသာတဲ့ စမောလင်းဟာ နောက်ကနေ အတင်းဝင်ခဲ့ပြီး မက်ဆီရဲ့ မျက်နှာကို ပခုံးနဲ့ ပြင်းပြင်းထန်ထန်တိုက်ကာ ဘောလုံးကို ရယူသွားခဲ့ပါတယ်။ စမောလင်းရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရတဲ့ မက်ဆီဟာ ချက်ချင်းပဲ မြက်ခင်းပေါ်လဲကျသွားခဲ့ပြီး မျက်နှာမှာ သွေးအလိမ်းလိမ်း ဖြစ်ခဲ့ရပါတယ်။

ဒိုင်လူကြီးဟာ အဆိုပါဖြစ်ရပ်ကို လျစ်လျူရှုခဲ့ပြီး ပွဲကို ဆက်လက်ကစားစေခဲ့ကာ စမောလင်းကိုလည်း အဝါကဒ်ပြား ပြသခဲ့ခြင်း မရှိပါဘူး။ အဆိုပါ ဖြစ်ရပ်ကြောင့် ပွဲကို မိနစ် အနည်းငယ် ရပ်နားခဲ့ရပြီး မက်ဆီကို ဆေးအဖွဲ့က ဝိုင်းဝန်းကုသပေးခဲ့ကြပါတယ်။ စမောလင်းရဲ့ လက်ဟာ မက်ဆီရဲ့ မျက်နှာကို ဖြတ်ရိုက်မိသလိုဖြစ်ခဲ့ကာ နှာခေါင်းရိုးကျိုးခဲ့တာကြောင့် မက်ဆီရဲ့ အမာခံပရိသတ်များကတော့ ကစားပုံကြမ်းတမ်းတဲ့ စမောလင်းနဲ့ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခြင်း မရှိတဲ့ ဒိုင်လူကြီး ဝေဖန်ပြစ်တင် ခဲ့ကြပါတယ်။

ပရိသတ်အချို့ကတော့ စမောလင်းဟာ မက်ဆီကို လူချကစားတဲ့ နည်းလမ်းနဲ့ပဲ ထိန်းချုပ်နိုင်ခဲ့တာ လို့ လှောင်ပြောင်ခဲ့ကြပြီး စမောလင်းအနေနဲ့လည်း သူပြောခဲ့တဲ့အတိုင်း မက်ဆီကို ထိန်းချုပ်ဖို့ နည်းလမ်းဟာ မျက်နှာကို ဖြတ်ရိုက်တဲ့ နည်းလမ်းလားလို့တောင် ထင်မှတ်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် မက်ဆီဟာ မနေ့ညက ပွဲစဉ်မှာ ဘာစီလိုနာအဖွင့်ဂိုး ရရှိဖို့အတွက် ဆွာရက်ဇ်ကို အကောင်းဆုံး ဖန်တီးပေးပို့နိုင်ခဲ့ပြီး ကွင်းထဲမှာ သူရှိနေတယ် ဆိုတဲ့အသိနဲ့တင် ယူနိုက်တက် ကစားသမားတွေရဲ့ စိတ်ထဲကို စိုးရိမ်မှုတွေ ထည့်ပေးနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons