ထိုင်းရိုးရာ ကြက်တိုက်ပွဲကို ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ထဲက နရေဆွမ် ပန်းခြံမှာ ပထမဆုံး အနေနဲ့ ဒီကနေ့မှာ ကျင်းပတာ ဖြစ်ပါတယ်။

ကြက်တိုက်ပွဲကို မဲဆောက်မြို့တော်ဝန် ကိုယ်တိုင် ကျင်းပပေးတာ ဖြစ်ပြီး ဧပြီ ၁၁ နဲ့ ၁၂ ရက် နှစ်ရက်တာ နရေဆွမ်ပန်းခြံမှာ ကျင်းပသွားမှာပါ။

ထိုင်းနိုင်ငံမှာ လောင်းကစားတာ တရား မဝင်ပေမယ့် ရိုးရာပွဲ အနေနဲ့ ကျေးရွာတွေမှာ ကျင်းပတဲ့အခါ ချွင်းချက်အနေနဲ့ အဖမ်းအဆီး မလုပ်ပါဘူး။ ဒီပွဲမှာလည်း တရားဝင် လောင်းကစားခွင့် ရကြပါတယ်။

ဒီပွဲမှာ တိုက်ကြက် အမျိုးကောင်း အကောင်ရေ ၅၀ ကျော် လာပြသ ကြပါတယ်။ ဒီကနေ့ လောင်းကြေးက ဘတ် ၅၀၀ ကနေ ဘတ် ၁ ထောင် အထိ ရှိနေပါတယ်။

အဲဒီ တိုက်ကြက်တွေထဲမှာ ထိုင်း တိုက်ကြက်နဲ့ မြန်မာ တိုက်ကြက်တွေကို စပ်ထားတဲ့ ကပြား တိုက်ကြက်တွေဟာ နာမည်ကြီးပြီး ၅ ကြိမ် ၆ ကြိမ်လောက် တိုက်ထားတဲ့ ကပြား တိုက်ကြက် တစ်ကောင်ဟာ ဘတ် ၅ သိန်း၊ ၆ သိန်း ပေါက်ဈေး ရတယ်လို့ ဆိုပါတယ်။

နိုင်ပွဲတွေအပေါ် မူတည်ပြီး တိုက်ကြက်တကောင်ရဲ့ ပေါက်ဈေးဟာ ဘတ် ၁ သန်း ကနေ ၂ သန်း အထိ ပေါက်ဈေး ရပါတယ်။

ထိုင်းနိုင်ငံမှာ တိုက်ကြက်ကို စီးပွားဖြစ် မွေးကြပါတယ်။ ထိုင်းမှာ မျိုးစပ်ပြီး လေ့ကျင့်ထားတဲ့ တိုက်ကြက် ကောင်းတွေကို တိုင်ဝမ်၊ မကာအို စတဲ့ ဈေးကွက်တွေကို တင်ပို့ ရောင်းချကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here