“အဖြည့်ခံ”

ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ မင်းသမီး ကားတိုက်ပြီး သေရမယ့် ဇာတ်ဝင်ခန်းရိုက်ဖို့အတွက် ရှူတင်မန်နေဂျာက အငှါးကားလိုက်ရှာရသတဲ့။

ရုပ်ရှင်ရိုက်တာဆိုတော့ ဒါရိုက်တာ စိတ်တိုင်းမကျမချင်း အထပ်ထပ်ပြန်ရိုက်ရမှာမို့ အချိန်ကုန်၊ရမယ့်ငွေကမစို့မပို့ဆိုတော့ taxi သမားတွေက သိပ်မလိုက်ချင်ကြဘူး။ရှူတင်မန်နေဂျာလည်း မင်းသမီးကို တိုက်မယ့်ကားရဖို့ အချိန်အတော်ကြာအောင် ရှာရင်း တိုင်ပတ်နေတာပေါ့။

အဲဒီထဲမှာ ရုပ်ရှင်ပိုးရှိတဲ့ ကားသမားတစ်ယောက်က ကျေကျေနပ်နပ်လက်ခံပြီး လိုက်လာသတဲ့။သူပါရမယ့် ဇာတ်ဝင်ခန်းကဘယ်လိုပုံစံလဲ မေးတော့ မင်းသမီးကို ကားနဲ့တိုက်မိတဲ့အခန်းဖြစ်ကြောင်း ရှူတင်မန်နေဂျာက ပြောပြတယ်။ကားသမားက အဲဒါဆို သူလည်း ပါရမှာပေါ့၊ သူ အကောင်းဆုံး သရုပ်ဆောင်ပေးပါ့မယ် ဘာညာပြောလာတော့ ရှူတင်မန်နေဂျာ စိတ်ညစ်ရပါရော။

ဟုတ်တယ်လေ၊ကားနဲ့ မင်းသမီးကို တိုက်၊မင်းသမီးကသွေးအိုင်ထဲ လဲကျ၊ မင်းသားရောက်လာပြီး ပွေ့ထူ၊ စကားတွေပြော၊ ဘေးက လူတွေဝိုင်းအုံကြည့်ကြတယ့် ဇာတ်ဝင်ခန်းတစ်ခုမှာ ကားသမားရဲ့ မျက်နှာ ဘယ်ပါပါ့မလဲ။ဘယ်လိုလုပ်ပြီး သရုပ်ဆောင်ဖို့ အခွင့်အရေးရပါ့မလဲ။တကယ်လိုအပ်တာက ကားပဲလေ။

ရှူတင်မန်နေဂျာကလည်း သရုပ်ဆောင်ဖို့ တက်ကြွနေရှာတဲ့ကားဆရာကို အားနာတာတစ်ကြောင်း၊အငှါးကားနောက်ထပ်ထပ်ရှာဖို့ မလွယ်တာကတစ်ကြောင်းမို့ ကားဆရာကို ခင်ဗျားသရုပ်ဆောင်ရမှာပါလို့ လိမ်ပြောလိုက်တယ်။

ဘယ်လိုလိမ်ပြောသလဲဆိုတော့ မင်းသမီးကို ခင်ဗျားကားနဲ့ တိုက်ပြီးရင် ကားတံခါးကိုဖွင့်ပြီး နောက်ကိုမကြည့်စတမ်း ပြေးပေတော့၊ခင်ဗျားနောက်က လူအုပ်ကြီးက ဝိုင်းရိုက်ဖို့ လိုက်လာမှာလို့ ဖြီးလိုက်တယ်။ကားသမားကတော့ စိတ်ချ ဆရာ၊ သဘာဝကျအောင် ပြေးပြမယ်ဆိုပြီး တက်ကြွနေတယ်။

ရိုက်ကွင်းရောက်တော့ ရီဟာဇယ်ခဏလုပ်ပြီး ရုပ်ရှင်ရိုက်ပါလေရော။ ကားသမားက သင်ထားတဲ့အတိုင်း သူ့ကားကိုမှန်မှန်လေးမောင်းလာ၊ပြေးထွက်လာတဲ့ မင်းသမီးကို တိုက်၊မင်းသမီးလဲကျသွားတာနဲ့ ကားဆရာက တံခါးကို ဝုန်းကနဲဖွင့်ဆင်းပြီး ဖိနပ်ပါကျွတ်ကျန်အောင် သုတ်ခြေတင်ပြေးတော့တာပဲ။

အကြောင်းအရင်းမသိတဲ့ ရုပ်ရှင်အဖွဲ့သားတွေကအားလုံးကြောင်ကြည့်နေကြတယ်။ကားဆရာက အိုက်တင်မပီပြင်မှာစိုးလို့ နောက်ကို လှည့်မကြည့်ဘဲ တန်းနေအောင်ပြေးချသွားလိုက်တာ သူတို့မျက်စိတစ်ဆုံးအထိပဲတဲ့။သူ့စိတ်ထဲမှာတော့ နောက်က ကင်မရာနဲ့ လိုက်ရိုက်နေတယ် ထင်ရှာမှာပေါ့။

ရှူတင်မန်နေဂျာက အကျိုးအကြောင်း ပြောပြလိုက်တော့မှ ဒါရိုက်တာအပါအဝင် အဖွဲ့သားအားလုံး တဝါးဝါး ပွဲကျအောင်ရယ်ကြသတဲ့။

အတော်လေးကြာမှ ချွေးသံရွှဲရွှဲနဲ့ ကားသမား ပြန်ရောက်လာပြီး (ဘယ့်နှယ်လဲ ဆရာတို့၊ ကျွန်တော် ပြေးတဲ့အိုက်တင် ပီပြင်လား၊ အဆင်ပြေလား)မေးသတဲ့။

ကားဆရာကို သနားလည်းသနား၊အားလည်းနာသွားတဲ့ ဒါရိုက်တာက(ခင်ဗျား အိုက်တင် အရမ်းကောင်းတယ်)ဘာညာနဲ့ နှစ်သိမ့်အားပေးလိုက်ရသတဲ့။

ဇာတ်လမ်းက ဒီအထိတော့ ပြုံးစရာပါပဲ။ နောက်ဆုံးပိတ်စာကြောင်းလေးကို ဖတ်ရမှ စာဖတ်သူ ကျွန်တော်လည်း ပြုံးရာကနေ ငိုင်တွေသွားမိတော့တယ်။

(ကျွန်တော်တို့ရော ဘဝမှာ ကိုယ်မပါတဲ့အခန်း အတွက် ဘယ်လောက်များ ပြေးခဲ့ကြပြီးပြီလဲ)…တဲ့။

ကလေးတုန်းက မဆော့တတ်ဆော့တတ်နဲ့ ကလေးအကြီးတွေကစားဝိုင်းမှာ ဝင်ဆော့ဖူးကြတယ် မဟုတ်လား။

အဲဒီအခါကျ မဆော့တတ်တဲ့ကလေးကို ”အပျော်” အဖြစ် ဝင်ကစားခိုင်းကြတယ်လေ။ တချို့နေရာတွေမှာ ထမင်းထုတ်၊ဟင်းထုတ် လို့ခေါ်ကြတယ်။

ကိုယ်က ပါတော့ပါရတယ်၊ တရားဝင်မပါရတဲ့သဘောမျိုးပေါ့။

တူတူပုန်းတမ်းဆိုရင် ကိုယ့်ကို ဘယ်သူကမှမရှာကြဘူး။ ဘောလုံးကန်ရင်လည်း ကိုယ့်ကို ဘောလုံးပေးမဆော့ကြဘူး။တကယ်လို့ ကိုယ်က ဂိုးသွင်းနိုင်ခဲ့ရင်တောင် အဲဒီဂိုးကို ဂိုးလို့ မသတ်မှတ်ကြဘူးလေ။ပြေးတမ်းလိုက်တမ်းဆော့ရင်လည်း ကိုယ်ကသာ အကြောက်အကန် ပြေးနေရပေမယ့် ဘယ်သူကမှ ကိုယ့်ကို အရေးလုပ်ပြီး လိုက်မဖမ်းကြဘူးလေ။

ကျွန်တော်တို့ ဘဝမှာရော ဇာတ်လမ်းထဲက ကားဆရာကြီးလို ဘယ်နှခါများ ပြေးဖူးခဲ့ကြပြီလဲ၊

ကိုယ့်ကို အသိအမှတ်မပြုတဲ့ ကစားပွဲမှာ ဘယ်နှကြိမ်များ အားတက်သရော ဝင်ပြီးဆော့ခဲ့ကြဖူးပြီလဲ။

ကိုယ့်ကို ”အပျော်ပေးဆော့တဲ့” လူတွေတွက်၊ ” ထမင်းထုတ်ဟင်းထုတ်” လို့ သဘောထားကြတဲ့ ပတ်ဝန်းကျင်အတွက်၊ ကိုယ့်ရဲ့ ပါဝင်ကြိုးပမ်းမှုကိုအသိအမှတ်မပြုကြတဲ့ အသိုင်းအဝိုင်းအတွက်ကျွန်တော်တို့ ဘယ်နှကြိမ်ကစားပေးခဲ့ရပြီလဲ၊

ခွန်အားတွေ၊ချွေးစက်တွေ ဘယ်လောက်တောင်များ ပေးဆပ်ခဲ့ရပြီလဲ။

ပြေးရင်း ကစားရင်း မောလာလို့ ခဏနားချိန်မှာ စဉ်းစားကြည့်ကြပါဦး။

Credit – နီကိုရဲ

Kyaw Swer Oo

LEAVE A REPLY

Please enter your comment!
Please enter your name here